ဟိုးငယ်ငယ်
ကလေးဘ၀ကတည်းက လူ့ဘ၀မှာ အကောင်းဆုံးသောအရာတွေကို ပိုင်ဆိုင်ချင် ခဲ့တာပါ။ အကောင်းဆုံးသော
အရာတွေဖြစ်ချင်ခဲ့တယ်။ အကောင်းဆုံးသော ဘ၀တစ်ခုကို တောင့်တခဲ့တယ်။ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့
ပစ္စည်းဥစ္စာတွေကိုပဲ သုံးချင်ခဲ့တယ်။ လူတိုင်း လူတိုင်းကလည်း ဒီလိုဘဲ လိုချင်ရချင်တတ်ကြမယ်
ထင်ပါတယ်။ လူဆိုတာက ကောင်းချင်တဲ့ သတ္တ၀ါ ၊ တိုးတက်ချင်တဲ့ သတ္တ၀ါကိုး။
လူတိုင်းဟာ လက်ရှိဘ၀ကနေပြီး ပိုမိုကောင်းမွန်တဲ့ဘ၀ကို
ပိုင်ဆိုင်နိုင်အောင် ကြိုးစားရုန်း ကန်ကြပါတယ်။ မျှော်မှန်းထားတဲ့ဘ၀ကို ပိုင်ဆိုင်ပြီလဲဆိုပြန်ရော
ဒီထက်ပိုမို သာလွန်တဲ့ အခြေအနေတစ်ခုကို ထပ်မံတောင့်တပြန်တယ်။ ရသင့်ရထိုက်တာတွေရလာသလို
မပိုင်ဆိုင်နိုင်ခဲ့ တာတွေလဲ ရှိခဲ့ပါတယ်။ တောင့်တတာတွေ ရခဲ့ရင်တောင် ပြီးပြည့်စုံတဲ့နှစ်သိမ့်ကျေနပ်မှု မရနိုင်သေး ပါလားလို့လဲ ဆင်ခြင်မိတာပါ။ လူတွေရဲ့စိတ်၊ လောဘရဲ့သဘော
ကိုလည်း တီးမိခေါက်မိရှိ လာတာပါ။ ငယ်ငယ်တုန်းကလည်း ငါအတန်းတိုင်းမှာ ပထမရရမယ်ဆိုတဲ့
စိတ်၊ ဆယ်တန်းမှာ အမှတ်ကောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်၊ အဆင့်မြင့်မြင့် ဘွဲ့တစ်ခုရရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်တွေ၊ ရာထူးရှိရမယ်၊ ပိုက်ဆံရှိရမယ်၊ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုတွေကလည်း တစ်ဖြေးဖြေး များလာရမယ်
စသည်ဖြင့်၊ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ရုန်းကန်ကြိုးစားခဲ့ရတာပါ။ ဆိုခဲ့ပြီး သလိုပါပဲ။တောင့်တခဲ့တာတွေရခဲ့တဲ့အချိန်မှာလည်း ပြီးပြည့်စုံတဲ့နှစ်သိမ့်မှုမရခဲ့ပါဘူး။ မရခဲ့တဲ့
မဖြစ်လာခဲ့တဲ့ အချိန်တွေမှာဆို ပိုဆိုးခဲ့တာပေါ့လေ။ လောဘရဲ့ မပြည်ဝနိုင်မှု၊ ပူလောင် မှုတွေဟာ
လူတိုင်းလူတိုင်းမှာ သိသိသာသာ ထင်ထင်ရှားရှား ရှိနေတာပါ။ ကျွန်တော်တို့တစ်တွေ သတိမမူမိကြလို့သာပါ။
အရွယ်ရောက်လာပြီးတဲ့အခါမှာ လောကမှာ ဘယ်လိုအရာတွေဟာ
အကောင်းဆုံးဖြစ် မလဲဆို တာ မကြာခဏတွေးမိခဲ့ပါတယ်။ ကျွန်တော် တွေးမိသလိုပါပဲ၊ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း
၂၅၀၀ ကျော်ကျော်က နတ်သားတစ်ပါးကလည်း လောကမှာ ဘာအကောင်းဆုံးလဲဆိုပြီး တွေးမိပါတယ် တဲ့။
အဲ့ဒီလိုတွေးမိပြီး မြတ်စွာဘုရားရှင်ကို မေးလျှောက်ပါတယ်။
အိုမင်းရင့်ရော်တဲ့တိုင်အောင် အကောင်းမြတ်ဆုံးအရာဟာ
ဘယ်အရာပါလဲ၊ အဘယ်တရား ဟာ မိမိသန်္တာန်မှာ တည်နေရင် အကောင်းဆုံးဖြစ်ပါသလဲ ၊ လူသားတွေအတွက်
အဘယ်အရာက ရတနာပါလဲ၊ သူခိုးဓားပြတွေ လုယူခိုးဝှက်လို့မရတဲ့ ဥစ်္စာက ဘယ်အရာပါလဲတဲ့ စတဲ့
မေးခွန်း ၄ မျိုး မေးပါတယ်။ အကောင်းဆုံးသော အရာ ၄ မျိုးကို မေးတာပါ။ မြတ်စွာဘုရားဖြေတော်မူတာက
ဒီလိုပါ-
သီလံ ယာဝ ဇရာ သာဓု ၊ သဒ်္ဓါ သာဓု ပတိဌိကာ
၊
ပညံ နရာနံ ရတနံ ၊ ပုညံ စောရေဟိ ဒူဟရံ။
၁။ အိုမင်းရင့်ရော်တဲ့တိုင်
အကောင်းမြတ်ဆုံးအရာက သီလ။
၂။ မိမိသန္တာန်မှာ
အကောင်းမြတ်ဆုံးဖြစ်အောင်တည်ရှိရမယ့်အရာက သဒ္ဓါ။
၃။ လူသားတွေအတွက်
ရတနာက ပညာ။
၎။ လူခိုးဓားပြတွေ
ခိုးဝှက်တိုက်ခိုက်လို့မရတာ ကုသိုလ်ပဲတဲ့။
သီလဆိုတာက အကောင်းမြတ်ဆုံးတရားပါတဲ့၊ ကိုယ်ဘ၀ရဲ့
အရွယ်သုံးပါးမှာ အကောင်းမြတ် ဆုံးအဆင်တန် ဆာပါတဲ့။ သီလအခြေခံမှသာဘဲ နောက်နောင်ရှေ့ဆက်မယ့်
ကုသိုလ်တွေအားလုံး ဖြစ်တာကြောင့်လို့ ဆိုခဲ့တာပါ။
သဒ္ဓါတရားကလည်း ကိုယ့်သန္တာန်မှာ တည်ရှိရမယ့်
အကောင်းမြတ်ဆုံးအရာပါတဲ့။ ဘုရား ၊ တရား၊ သံဃာ ရတနာ ၃ သုံးနဲ့ ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေရဲ့
ကောင်းကျိုးဆိုးကျိုး၊ ရှေ့ဘ၀ နောက်ဘ၀ သံသရာစတဲ့ ယုံကြည်စရာခြောက်မျိုးအပေါ်မှာ ယုံကြည်တဲ့သဒ္ဓါတရားဟာ
ကိုယ့် သန္တာန်မှာ ဖြစ်နေရပါမယ်တဲ့။ သဒ္ဓါတရား ကောင်းပြီဆိုရင် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေ
သူများ ထက်ပိုလုပ်လို့ သူများထက်ပိုရတယ်။ ဒါကြောင့် သဒ္ဓါတရားရှိရင် ကုသိုလ်ရဖို့ သေချာ ပါပြီတဲ့။
လူသားတွေအတွက် ရတနာအစစ်ကတော့ ပညာပါတဲ့။ အမှားအမှန်ကို
ဝေဖန်ပိုင်းခြား နိုင်တယ်၊ သိမှတ်ဖွယ်ရာတွေကိုလည်း သိမှတ်နိုင်တယ်။ အမှန်တရားအပေါ် မှာလည်း
ရပ်တည်တည်။ ဒါဟာ ပညာ ပါတဲ့။
သူခိုး၊ ဓားပြ မခိုး မတိုက်နိုင် ၊ ရန်သူမျိုးငါးပါး
လုယက်ဖျက်ဆီးခြင်းမပြုနိုင်တဲ့ ဥစ္စာကတော့ ကုသိုလ်ပါတဲ့။ ဒါဟာမြတ်စွာဘုရား ““ဒေ၀တာ””
သံယုတ်မှာ ဟောခဲ့တဲ့တရားတော်ပါ။ လောက ကြီး မှာ နတ်တွေလဲ အကောင်းကြိုက်သလို ဘီလူးတွေကလည်း
အကောင်းကြိုက် ကြတာပါဘဲ
ဒီမေးခွန်းမျိုးနည်းတူ အာဠာဝက ဘီလူးက မြတ်စွာဘုရားရှင်ကို
မေးလျှောက်ခဲ့ဖူးတာလဲ ရှိပါသေးတယ်။ ယက္ခသံယုတ်မှာ ပါဝင်တာပါ။ အာဠာဝကဘီလူး မေးတာကဒီလိုပါ။
ဖတ်ကြည့်ကြ ပါဦး။
ကိံသုဓ ၀ိတ္တံ ပုရိသဿ သေဋ္ဌံ ၊ ကိံသု သုစိဏ္ဏံ
သုခမာဝဟတိ
ကိံသုဟဝေ သာဓုကရံ ရသာနံ ၊ ကထံ ဇီဝိတမာဟုသေဋ္ဌံ။
အရှင်ဘုရား လောကမှာ အမျိုးသား အမျိုးသမီးတို့အတွက်
အကောင်းဆုံး အရင်းအနှီး ဥစ္စာကား ဘယ်အရာပါလဲ ၊ အဘယ်တရားကို ကျင့်သုံးရင်ဖြင့် ချမ်းသာမလဲ၊
အရသာတွေထဲမှာ ဘယ်အရသာဟာ အကောင်းဆုံးဖြစ်ပါသလဲ၊ ဘယ်လိုအသက်မွေးခြင်းက အကောင်းဆုံးဖြစ်ပါ
သလဲတဲ့။ သူကလည်း မွေးခွန်း ၄ ခု မေးတာပါ။ နတ်သားမေးတဲ့မေးခွန်းနဲ့ အချက် ၂ ချက် တူညီပါတယ်။
ဒါကို မြတ်စွာဘုရားရှင် ဖြေကြားတာကတော့ ဒီလိုပါ-
သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဋ္ဌံ ၊ ဓမ္မော သုစိဏ္ဏော
သုခမာဝဟတီ ၊
သစ္စံ ဟဝေ သာဓု တရံ ရသာနံ ၊ ပညာ ဇီဝိံ ဇိဝိတာဟုသေဋ္ဌေံ။
၁။ အမျိုးသား
အမျိုးသမီးတွေအတွက် အကောင်းမြတ်ဆုံး အရင်းအနှီးက သဒ္ဓါတရား။
တယ်။
၃။ အရသာတွေထဲမှာ
သစ္စာတရားဟာ အကောင်းမြတ်ဆုံးအရသာ။
၎။ ပညာနဲ့အသက်မွေးခြင်းဟာ
အကောင်းမြတ်ဆုံး အသက်မွေးခြင်း။
သဒၶါတရားဟာ ““အေဇယ် အနဂါမိက”” ဥစၥာပါတဲ့။ အေဇယ် ဘယ်သူတစ်ဦးတစ်ယောက် ကမှ လုယူ တိုက်ခိုက်လို့မရတဲ့ အနူဂါမိက မိမိသွားလေရာ အမြဲတစေမှာလိုက်ပါ နေတတ်တဲ့ ဥစ္စာဖြစ်ပါတယ်တဲ့။
လူသားတွေဟာ တရားရှိရင် ရှိသလောက် ချမ်းသာကြရပါတယ်တဲ့။
လူ့ဘ၀ချမ်းသာ ကိုရနိုင် တယ်။ နတ်ဘ၀ ချမ်းသာကိုရနိုင်တယ်။ ဗြဟ္မာဘ၀ချမ်းသာကိုလဲရနိုင်တယ်။
မဂ်ဖိုလ် နိဗ္ဗာန် ချမ်းသာ အဆင့်ဆင့်ကိုလည်း ရနိုင်ပါတယ်တဲ့။ တရားနဲ့အညီ နေထိုင်ကျင့်ကြံရမယ်
၊ တရားရှိရင် ရှိသလောက် ချမ်းသာတာပါတဲ့။ ဘုရားရှင်က ၄၅ ၀ါပတ်လုံး ““ချမ်းသာ””
ရောက်ကြောင်း တရား ကိုဟောကြားခဲ့တာပါ။ ဘုရားရှင် သွန်သင်ဆုံးမတဲ့အတိုင်း ကျင့်ကြံအား ထုတ်ဖို့သာ
အဓိကပါတဲ့။
သစ္စာတရားဟာ အရသာတွေထဲမှာ အကောင်းဆုံးအရသာပါဘဲတဲ့။
သစ္စာတရားရဲ့ အစွမ်း ထက်မြက်ပုံဟာ ဥပမာ အမြောက်အမြားရှိတာပါ။ ဘုရားအလောင်းငုံးမင်းဘ၀က
သစ္စာ အစွမ်းကြောင့် မီးဘေးလွတ်ခဲ့တယ်။ သိကြားမင်းရဲ့ အလောင်းအလျာ မာဃလုလင်နဲ့ အပေါင်းအပါတွေက
သစ္စာပြုခဲ့ကြတယ်။
သစ္စာမှာ တည်သူတွေဟာ အလွန်လျင်မြန်တဲ့ မြစ်ကိုလည်း ပြန်လှည်စေနိုင်တယ်။ အဆိပ်ကိုလည်း ချေဖျက်နိုင်ကြတယ်။ မီးကိုလည်း တားနိုင်ကြတယ်။ မိုးကိုလည်း
ရွာစေနိုင်ကြ တယ်။ ဒါကြောင့် အရသာတွေထဲမှာ သစ္စာဟာ အကောင်းဆုံး အရသာပါတဲ့။
အသက်မွေးခြင်းထဲမှာတော့ ပညာနဲ့အသက်မွေးခြင်းဟာ
အကောင်းဆုံး ဖြစ်ပါတယ်တဲ့။ လောကမှာ အတတ်ပညာနဲ့ အသိပညာ ၂ မျိုးရှိပါတယ်။ သိစရာ တတ်စရာတွေကလည်း
ကျယ်ဝန်း များမြောင်လှပါတယ်။ အတတ်ပညာကတော့ လောကီကိစ္စပေါ့။ အသိပညာကတော့ လောကီ၊ လောကုတ္တရာ
၂ မျိုးလုံးနဲ့ ဆိုင်တာပါ။ လောကုတ္တရာအသိကတော့ နိဗ္ဗာန်ကိုမြင် သိကာမှ ဆုံးခန်းတိုင်တာပါ။
ပညာနဲ့ အသက်မွေးတာဟာ အမြတ်ဆုံးပါပဲတဲ့။ ပညာဟာ အမှန်တရားပါ။ ပညာရဲ့နောက်ဆုံးရလဒ်ဟာချမ်းသာပါ။
အာဠာဝကဘီလူးရဲ့ အမေးက မပြီးသေးပါဘူး။ ဒီတစ်ခါ
အရေးအကြီးဆုံး မေးခွန်းကို ထပ်မေး ပါတယ်။
အရှင်ဘုရား သြဃလေးအင် ရေအလျဉ်ကို ဘယ်လိုနည်းမျိုးနဲ့
ကူးခတ်ရပါ့မလဲ။ ဘ၀ ပင်လယ်ရေပြင်ကျယ်ကြီးကို ဘယ်လိုနည်းမျိုးနဲ့ ကူးခတ်လွတ်မြောက်နိုင်ပါ့မလဲ၊
ဆင်းရဲဒုက္ခ အပေါင်း ကို ဘယ်လိုကျော်လွှားရပါမလဲ၊ သန့်ရှင်းစင်ကြယ်အောင် ဘယ်လိုနေထိုင်ရမလဲလို့
မေးလိုက်တာပါ။
မြတ်စွာဘုရားက ပြန်ဖြေပါတယ်။
သြဃလေးအင် ရေအလျဉ်ကို သဒ္ဓါတရားနဲ့ ကူးခတ်ရမယ်။
ဘ၀ပင်လယ် ရေပြင်ကျယ်ကို အပ္ပမာဒခေါ် သတိတရားနဲ့ ကူးခတ်ရမယ် ၊ ဒုက္ခမျိုးစုံကို ၀ီရိယနဲ့
လွန်မြောက်ရမယ် ၊ ဘ၀မှာ သန့်ရှင်းစင်ကြယ်အောင် ပညာနဲ့နေရမယ်တဲ့။
သဒ္ဓါ ၊ သတိ ၊ ၀ီရိယနဲ့ ပညာ လေးပါးပါ။
အာဠာဝကဘီလူးကြီး မေးတဲ့ သြဃလေးအင်ဆိုတာက
ကာမောဃ ၊ ဘဝေါဃ ၊ ဒိဋ္ဌောဃ ၊ အ၀ိဇ္ဇောဃစတဲ့ လေးပါးကို ညွှန်းတာပါ။
ကာမောဃ ဆိုတာ ကိုယ့်စိတ်ထဲမှာ မြင်ချင်၊
ကြားချင်၊ နမ်းချင်၊ စားချင်၊ ထိတွေ့ချင်၊ ခံစားချင်တဲ့ လောဘတွေ အစဉ်မပြတ်ဖြစ်နေတာ၊
ဘဝေါဃ ဆိုတာက ဘ၀ကို တွယ်တာတဲ့ လောဘစိတ်အစဉ်၊ ဒိဋ္ဌောဃ ကတော့ ငါဆိုတဲ့စိတ်တွေ အစဉ်မပြတ်အရှိန်နဲ့ဖြစ်နေတာ၊
အ၀ိဇ္ဇောဃဆိုတာ ဘုရားမသိ တရားမသိ ၊ ဘုရားမရှိ ၊ တရားမရှိ ၊ ရုပ်နာမ်ဖြစ်ပျက်ကိုမသိ အနိစ္စ၊
ဒုက္ခ၊ အနတ္တသဘောကို မသိတဲ့ မောဟစိတ်တွေ ဒီအလျဉ်တွေကို သဒ္ဓါတရားနဲ့ ကူးခတ်ရပါ မယ်တဲ့။
ဘ၀ဆိုတာကို ပင်လယ်နဲ့နှိုင်းပါတယ်။ ဒီလိုကျယ်ဝန်းနက်ရှိုင်းတဲ့
ပင်လယ်ကြီး လွန်မြောက်အောင်တောင် ကူးခတ်ဖို့ကတော့ သတိတရားနဲ့ ကူးခတ်ရပါတယ်တဲ့။ ကာယ
ဝေဒနာ စိတ္တ ဓမ္မဆိုတဲ့ အရှုခံအာရုံလေးမျိုးအပေါ်မှာ ရှုမှတ်ပွားများတဲ့ သတိပဌာန်တရားလေးပါးကို
အားထုတ်ခြင်းကသာ ဘ၀ပင်လယ်ကို ကူးခတ်လွန်မြောက် နိုင်မှာပါတဲ့။
လူ့ဘ၀ဆိုတာ တစ်ကယ်တော့ ဒုက္ခသစ္စာပါ။ ဘယ်လူသားမှ
ဒုက္ခနဲ့ မကင်းနိုင်ပါဘူး။ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးငိုကြွေးခြင်း၊ချစ်တဲ့သူနဲ့ ကွေကွင်းခြင်း၊ မချစ်မနှစ်သက်သူနဲ့ ပေါင်းဖော်နေရခြင်း စတဲ့ ဒုက္ခအပေါင်းဟာ
လူသားတိုင်းရင်ဆိုင်ကြုံတွေ့ နေရတာပါ။ ဒီခန္ဓာ ကိုယ်ကြီး ကိုယ်က ဒုက္ခအစိုင်အခဲကြီးဆိုတာ
ကြည့်တတ်မှမြင်ရတာပါ။ ဒီဒုက္ခပေါင်းစုံကို ၀ီရိယနဲ့ လွန်မြောက်ရပါမယ်တဲ့။ လောကရဲ့ စားဝတ်နေရေး၊
လူမှုဒုက္ခတွေ၊ သံသရာ ၀ဋ် ဒုက္ခတွေကိုလည်း ၀ီရိယနဲ့ ကျော်လွှားရမှာပါပဲ။
ကိုယ့်ဘ၀ စင်ကြယ်သန့်ရှင်းဖို့တော့ ပညာနဲ့နေဘို့ပါ။
ကိုယ့်ဘ၀ စင်ကြယ်သန့်ရှင်းတယ် ဆိုတာက စိတ်သန့်ရှင်းစင်ကြယ်တာကို ဆိုလိုတာပါ။ စိတ်စင်ကြယ်အောင်
လောဘ ၊ ဒေါသ စတဲ့ ကိလေသာ ၁၀ ပါးကို တစ်စတစ်စ လျှော်ဖွပ်ရမှာပါ။ ဒါဟာ ပညာရဲ့ စွမ်းရည်သတ်္တိပါပဲ။
သဒ္ဓါ၊ သတိ၊ ပညာ၊ သီလ စတာတွေနဲ့ ပတ်သက်လို့
မြတ်စွာဘုရားပေးတဲ့ ဥပမာလှလှလေး ရှိပါတယ်။ ဖတ်ကြည့်ကြပါဦး။ တစ်ခါတုန်းက ““ကသိဘရဒွါဇ””
ပုဏ္ဏားကြီးဟာ လယ်ထွန် မင်္ဂလာပွဲကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်တဲ့။ ဒီအချိန်မှာ မြတ်စွာဘုရားရှင်က
အလှူခံ သွားရပ် တာပါ။ ပုဏ္ဏားကြီးက လိုချင်ရင် သူ့လိုပဲ ထွန်ယက်စိုက်ပျိုးလေလို့ ပြောပါတယ် တဲ့။
ဒီအခါ မြတ်စွာဘုရားရှင်က
ပုဏ္ဏားကြီး ငါ့မှာ သဒ္ဓါ၊ သီလ၊ ပညာ၊ ဟီရိ၊
သတိစတဲ့ တရားတွေရှိတယ်။ ဒီတရားတွေနဲ့ စိုက်ပျိုးနေတာပါတဲ့။
သဒ္ဓါတရားက မျိုးစေ့၊ သီလအကျင့်က မိုးရေ၊
ပညာက ထမ်းပိုးထွန်းတုံး၊ ဟီရိက ထွန်တံ၊ စိတ်က ကြိုး၊ သတိတရားက ထွန်သွားနဲ့တူပါတယ်တဲ့။
ဒီတရားတွေနဲ့ စိုက်ပျိုးနေတာပါတဲ့။ လယ်ယာမြေနဲ့နီးစပ်တဲ့ လူတွေဆိုရင်တော့ ဒီဥပမာဟာကောင်းကောင်းကြီး သဘောပေါက်နိုင် တာပါ။
ကလေးဘ၀ကတည်းက လောကမှာ အကောင်းဆုံးအရာတွေကို
ပိုင်ဆိုင်ချင်ခဲ့တယ်။ အကောင်းဆုံးအရာ တွေဖြစ်ချင်ခဲ့တယ်။ အကောင်းဆုံးသော လူ့ဘ၀အဖြစ်ကို
တောင့်တခဲ့တယ်။ ““အတ်္တ”” အပေါ်မှာ အခြေခံပြီး အကောင်းဆုံးသော အရာတွေကို ရယူပိုင်ဆိုင်ဖို့
ကြိုးစားနေ တာနဲ့ ““အနတ္တ”” အပေါ်မှာ အခြေခံပြီး အကောင်းဆုံးသောအရာတွေကို ရယူပိုင်ဆိုင်ဖို့
ကြိုးစားနေကြတာကတော့ တစ်ကယ်တော့ တည့်တည့်ကြီးဆန့်ကျင်နေတာပါ။
တစ်ကယ်တော့ အကောင်းဆုံးအရာတွေရော၊ အဆိုးဆုံးအရာတွေရော
ကိုယ်အဇ္ဈတ္တထဲမှာ ရှိနေတာပါပဲ။ အကောင်းဆုံးသောအရာတွေကို ကိုယ်ပိုင်ကျင့်သုံးနိုင်အောင်ကြိုးစား၊
မကောင်းတဲ့ ကိလေသာတွေကိုလည်း ပယ်သတ်ရမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ ဘုရားကလမ်းညွှန်ပြတာပါ။
ကိုယ်လုပ်မှ ကိုယ်ရ၊ ကိုယ့်အကုသိုလ် ကိုယ်သုတ်သင်၊ ကိုယ်ခရီးကို ကိုယ်တိုင်သွားရမှာပါ။
အကောင်းဆုံးလူသားအဖြစ် ကိုယ့်ကိုယ်ကို ထုဆစ်ဖို့ကလည်း
ကိုယ့်တာဝန်ပဲ မဟုတ်လား။